ရခိုင်မှာ ကိုဗစ် လူနာသစ် ၆ ဦး ထပ်တွေ့၊ တစ်ပတ်အတွင်း ၅၁ ဦး ရှိလာ

ကျန်းမာရေး နဲ့ အားကစား ဝန်ကြီး ဌာန ရဲ့ သြဂုတ်လ ၂၂ ရက် ည ၈ နာရီ ထုတ်ပြန်ချက် အရ ရခိုင်ပြည်နယ် မြို့တော် စစ်တွေနဲ့ မြောက်ဦးမှာ ပြည်ပ ခရီးသွား ရာဇဝင် မရှိတဲ့ ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်မှု ၆ ဦး ထပ်မံ တွေ့ရှိခဲ့ပါတယ်။

အဲဒီထဲမှာ စစ်တွေက လူနာ ၄ ဦးဟာ စောင့်ကြည့် လူနာတွေ ဖြစ်ပြီး မြောက်ဦးက ၂ ဦးကတော့ အတည်ပြု လူနာ အမှတ် ၄၀၈ နဲ့ ထိတွေ့ မှု ရှိတဲ့ အသွားအလာ ကန့်သတ်ထားရှိသူတွေလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တွေနဲ့ မြောက်ဦးတို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူတွေ ရက်ဆက်တွေ့လာရလို့ သြဂုတ် ၁၆ ရက်ကနေ ၂၂ ရက်ထိ တစ်ပတ်အတွင်း ကိုဗစ်လူနာ ၅၁ ဦးရှိလာပြီ ဖြစ်ပါတယ်။