ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိလာဖို့ နေ့တိုင်းပြုလုပ်နိုင်တဲ့ Daily Habit (၇) ခု

လူအများစုက အသက်အရွယ်တစ်ခုလောက်ရောက်လာမှ ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိလာတတ်ကြပါတယ်။ တချို့တွေကတော့ အသက်ငယ်ရွယ်စဉ်ကတည်းက ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ လုပ်စရာရှိတာလုပ်တတ်ကြပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ အရေးအကြီးဆုံးကတော့ ထပ်ခါထပ်ခါ ပြုလုပ်ခြင်းပါ။ လူရှေ့ထွက်ပြောရမှာ ကြောက်ရွံ့သူက များများ ထွက်ပြောပေးရပါမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့ ဆိုတာ တစ်ရက်နှစ်ရက်နဲ့ ပေါ်လာတတ်တာမျိုးမဟုတ်ပါဘူး။ သင်က ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုရှိချင်တယ်ဆိုရင် ဒီ အလေ့အကျင့်တွေကို နေ့တိုင်းပြုလုပ်သင့်ပါတယ်။

၁။ ကိုယ့်ကိုကိုယ် တော်ကြောင်းနေ့တိုင်းပြောပေးပါ ငါလုပ်ချင်တဲ့အရာကို ငါဖြစ်အောင်လုပ်နိုင်တယ်။ ငါ့ခံစားချက်တွေကို ငါထိန်းချုပ်နိုင်တယ်။ ငါ့ခန္ဓာကိုယ်၊ ငါ့စိတ်က တစ်သားတည်း အလုပ်လုပ်နေတယ်။ စသဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်ကြောင်း နေ့တိုင်းပြောတာ၊ စာချရေးတာ လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်နေတဲ့အချိန် တာဝန်ကျေပုံစံမဟုတ်ဘဲ တကယ်ကိုယ့်ကိုကိုယ် ယုံကြည်တဲ့ပုံစံမျိုး နေပေးသင့်ပါတယ်။

၂။ အသစ်အသစ်တွေ အမြဲသင်ယူနေပါ ဟိုသင်တန်းလေးတက်လိုက်.. ဒီသင်တန်းလေးတက်လိုက်.. ဟိုဟာ လေ့လာ.. ဒီဟာလုပ်ကြည့်စသဖြင့် ကိုယ်အားရင် အားသလို ပညာအသစ်တွေ သင်ယူသင့်ပါတယ်။ တစ်ခုခုပြီးမြောက်တိုင်း ငါလုပ်နိုင်ပါလားဆိုတဲ့ ယုံကြည်မှုတစ်ခုရလာပါလိမ့်မယ်။

၃။ ငါလုပ်နိုင်တယ် ဘယ်အလုပ်ပဲလုပ်လုပ်.. မစတင်ခင် ကိုယ့်ကိုကိုယ် အားပေးသင့်ပါတယ်။ သင်ခင်တဲ့သူတွေကို သူတို့ အားတက်လာအောင် အားပေးဖူးမှာပါ။ သင့်ကိုယ်သင်လည်း ဒီလိုပဲ အားပေးသင့်ပါတယ်။ “ငါလုပ်နိုင်တယ်” ဆိုပြီး စပြောကြည့်ပါ။

၎။ အတုယူစရာလူတွေကို ရှာဖွေပါ လူတွေရဲ့အောင်မြင်မှုကို မနာလိုဖြစ်ပြီး အရှုံးသမားလို ခံစားနေမယ့်အစား သူတို့ကို အတုယူကြည့်ပါ။ သူတို့တောင် အောင်မြင်တာပဲ.. ငါလည်း အောင်မြင်နိုင်တယ်ဆိုတဲ့စိတ်မျိုးကို ထားသင့်ပါတယ်။ ကိုယ့်ဘဝမှာ ကိုယ်အားကျရသူ လူတစ်ယောက်ရှိထားသင့်ပါတယ်။ သူတို့ကိုကြည့်ရင်း အမြဲအားမွေးသင့်ပါတယ်။

၅။ သင်ခန်းစာယူပါ သင်အရင်က လူရှေ့ပြောရတဲ့အချိန် ဒူးတုန်ပြီး ဘာပြောရမှန်းမသိ အရှက်ကွဲဖူးလား။ အတိတ်မှာဘယ်လိုပဲဖြစ်ခဲ့ပါစေ.. ဖြစ်ပျက်သမျှ ကိစ္စတွေဆီကနေ သင်ခန်းစာယူသင့်ပါတယ်။ ဒီသင်ခန်းစာတွေကတဆင့် ရှေ့လျှောက် ဘာတွေပြင်ဆင်သင့်လဲ စဉ်းစားသင့်ပါတယ်။ လူတိုင်းက အမှားနဲ့ မကင်းပါဘူး။

၆။ ကိုယ့်ရဲ့အကြောက်တရားကို လက်ခံပါ အလုပ်တစ်ခု စမလုပ်ခင် ဖြစ်ပါ့မလား.. ငါလုပ်တာကို သူတို့လက်ခံပါ့မလားဆိုတဲ့ စိတ်က ပထမဆုံးဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်တဲ့အချိန် ခံစားနေရတဲ့အကြောက်တရားကို လက်ခံသင့်ပါတယ်။ ဥပမာ- သင်က Page တစ်ခုမှာ စာရေးတင်မယ်ထားပါတော့..ဘယ်သူမှ ဖတ်မှာမဟုတ်ဘူး. ဆိုတဲ့စိတ်မျိုးဝင်နေခဲ့တယ်ဆိုရင်… ဟုတ်ပြီ ဘယ်သူမှ မဖတ်ရင်လည်း ဘာမှမဖြစ်ဘူး.. ဒီစိုးရိမ်စိတ်ကို လက်ခံပြီး ရှေ့ဆက်ဘာလုပ်သင့်လဲ စဉ်းစားသင့်ပါတယ်။

၇။ ပုံမှန်လေ့ကျင့်ပေးပါ ဒါက အပေါ်မှာ ပြောခဲ့သလိုပါပဲ။

ကိုယ်ယုံကြည်မှုမရှိတဲ့အရာ၊ ကြောက်တဲ့အရာကို ရဲရဲကြီး ရင်ဆိုင်ပြီး အမြဲလေ့ကျင့်ပေးသင့်ပါတယ်။ စာဖတ်သူအားလုံး ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိဖို့ ကြိုးစားနေကြတဲ့ Journey မှာ ကံကောင်းပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။